မင်္ဂလာတောင်ညွှန့်မြို့နယ်မှ COVID-19 လူနာနေထိုင်ရာ နေအိမ်နှင့် လမ်းကို ပိုးသတ်ဆေးဆေးဖြန်း


ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွွှန့်မြို့နယ် ၁၀၁ (အထက်လမ်း) တွင်နေထိုင်သည့် စင်္ကာပူနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အသက် (၆၉) နှစ်အရွယ်အမျိုးသားသည် COVID-19 ရောဂါပိုးကူးစက်ခံရမှုကြောင့် ရန်ကုန်ပြည်သူ့ရုံးကြီးတွင်ဆေးကုသမှုခံယူလျက်ရှိပြီး ၎င်းနေထိုင်ခဲ့သည့် ခြောက်ထပ်တိုက်အိမ်နှင့်လမ်းကို မတ် ၂၇ နေ့လယ်ပိုင်းက ပိုးသတ်ဆေးဖြန်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။

"ရောဂါကူးစက်ခံရသူက ကင်ဆာဝေဒနာရှိတော့ စိုးရိမ်ရတဲ့အနေအထားပါ။ လက်ရှိ လူနာနေထိုင်တဲ့ ခြောက်ထပ်တိုက်တခုလုံးကို Home Quarantine ပြုလုပ်ထားပါတယ်။ အိမ်ထဲမှာ လူနာရဲ့အမျိုးသမီးအပါအဝင် မိသားစု အယောက် ၂၀ ရှိတယ်။ သူတို့စားရေးသောက်ရေးလိုအပ်ချက်ကို လမ်းထဲကပရဟိတလူငယ်တွေနဲ့ ပြည်သူတွေဝိုင်းဝန်းဆောင်ရွက်ပေးမှာပါ။ ဒီ ၁၀၁ လမ်းကိုလည်း လမ်းနေပြည်သူနဲ့ ကားကလွဲပြီးဝင်ခွင့်ပိတ်ထားပါတယ်။ အခု လမ်းနဲ့ နေအိမ်တွေကိုဆေးဖြန်ခြင်းလုပ်ငန်းဆောင်ရွက်နေပါတယ်"ဟု ၎င်းကပြောသည်။

လက်ရှိတွင် မင်္ဂလာတောင်ညွှန့်မြို့နယ် ၁၀၁ လမ်းအပါအဝင် မြို့နယ်တွင်းစားသောက်ဆိုင်များ ဆိုင်ထိုင်စားသောက်ခြင်းကိုခွင့်မပြုတော့ဘဲ ပါဆယ်ဝယ်ယူခြင်းသာခွင့်ပြုကာ လူတဦးနှင့်တဦး သုံးပေအကွာတွင်သာနေထိုင်ကြရန်နှင့် မလိုအပ်ဘဲ အိမ်ထဲကအိမ်ပြင်မထွက်ရန် ရပ်ကွက်အုပ်ချုပ်ရေးရုံးမှာ လိုက်လံကြေညာလျက်ရှိသည်။

အနီးကပ်နေထိုင်ခဲ့သည့် လူနာ၏သားနှင့် လူနာအားဆေးရုံသို့ပို့ပေးခဲ့သူ ယာဉ်မောင်းတို့ကို ဝေဘာဂီဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ်ထားရှိစစ်ဆေးလျက်ရှိကြောင်း မင်္ဂလာတောင်ညွှန်မြို့နယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။

အဆိုပါ COVID-19 ရောဂါကူးစက်ခံထားရသူအမျိုးသားသည် နှာခေါင်းကင်ဆာရောဂါကို သြစတြေးလျနိုင်ငံတွင် ၁ လခန့်ဆေးကုသခံယူခဲ့ပြီး မြန်မာနိုင်ငံသို့ပြန်မဝင်မီ စင်္ကာပူနိုင်ငံ၌ ၄ ရက်ခန့်နေထိုင်ခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံသို့ မတ် (၁၄) ရက်တွင် လေယာဉ်ဖြင့်ရောက်ရှိခဲ့ပြီး မတ် (၁၈) ရက်မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်းလက္ခဏာများ ခံစားခဲ့ရသဖြင့် မတ် (၂၅) ရက်မှစတင်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ်သီးခြားထားရှိ၍ အထူးကြပ်မတ်ခန်း (ICU) တွင် ကုသမှုခံယူလျက်ရှိသည်။






အဆိုပါ လူနာထံမှ ဓာတ်ခွဲနမူနာကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးခဲ့ရာ မတ် ၂၆ ရက်တွင် စစ်ဆေးဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည်။

မြန်မာနိုင်ငံတွင် မတ် ၂၇ ရက်အထိ COVID-19 ရောဂါပိုးတွေ့ရှိသူ (၅) ဦးတွေ့ရှိထားသည်။

ကျော်သူ
Photo - Ye Naung

Comments

Popular posts from this blog

COVID 19 လူနာအမှတ် ( ၅ ) ယနေ့ မနက် ၇ နာရီတွင် ဝေဘာဂီရိ ဆေးရုံ၌ ကွယ်လွန်

မည်သည့်ပြည်ဝင်ဗီဇာအမျိုးအစားဖြင့်မဆို လာရောက်ခွင့် ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန်

COVID-19 ကာကွယ်ရန် ပဲခူးတိုင်းလွှတ်တော်ရပ်ဆိုင်း