COVID-19 လူနာနံပါတ် (၃) သည် လဝကပုံစံဖြည့်ရာတွင် အင်္ဂလန်အစား ဘာဘေးဒိုးစ်ဟု လွှဲဖြည့်ခဲ့ကြောင်း ပေါ်ပေါက်


နိုင်ငံ ၁၆ နိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်မည့် မြန်မာနိုင်ငံသားများအပါ အဝင် ခရီးသွားများအားလုံးကို ၁၄ ရက်ကြာ သီးခြားထားရှိစောင့်ကြည့်မည့်အစီအစဉ်ကို ထုတ်ပြန်ခဲ့ပြီးနောက် အင်္ဂလန်-ဘန်ကောက်လမ်းကြောင်းမှတဆင့် ရန်ကုန်လေဆိပ်သို့ ဝင်ရောက်ခဲ့သည့် တတိယမြောက် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ အတည်ပြုလူနာသည် လဝကပုံစံ (immigration form) ဖြည့်ရာတွင် အင်္ဂလန်အစား ဘာဘေးဒိုးစ် (barbados) ဟု လွှဲ၍ဖြည့်စွက်ဖော်ပြခဲ့ကြောင်း သိရသည်။

ဗြိတိန်အပါအဝင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုနှုန်းများသည့် နိုင်ငံ ၁၆ နိုင်ငံတွင် လွန်ခဲ့သည့် ၁၄ ရက်အတွင်း နေထိုင်ခဲ့၊ သွားရောက်ခဲ့ဖူးသည့် မြန်မာနိုင်ငံသားများအပါအဝင် ခရီးသွားများအားလုံးကို ၁၄ ရက်ကြာ သီးသန့်သတ်မှတ်ထားသည့်နေရာများတွင် ထားရှိစောင့်ကြည့်မှု (facility quarantine) ပြု လုပ်မည့်အစီအစဉ်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၂ဝ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းအစီအစဉ်မှာ မတ် ၂၁ ရက်နေ့မှစတင်ကာ အသက်ဝင်ခဲ့သည်။ COVID-19 လူနာနံပါတ် (၃) မှာ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်မှတဆင့် ရန်ကုန်လေဆိပ်သို့ မတ် ၂၃ ရက်တွင် ဝင်ရောက်ခဲ့သည်။ 

''ကျွန်မတို့က ဘာပြောချင်တာလဲဆိုရင် ကိုယ့်မှာလက်ရှိမှာ ရောဂါမဖြစ်နေဘူး။ လူကောင်းပေမဲ့လို့ ရောဂါဖြစ်ပွားမှုများတဲ့နေရာတွေကနေ လာတယ်ဆိုလို့ရှိ ရင် ကိုယ်ဟာအချိန်မရွေးရောဂါကူးစက်ခံ ရနိုင်တယ်ဆိုတာ အမြဲသတိချပ်ပြီးတော့ ကိုယ်ကိုယ်တိုင်အတွက်ရော၊ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်အတွက်ရော အထူးသတိပြုရမယ်၊ သတင်းပို့ရမယ်ဆိုတာလေးတော့ ရှိပါတယ်။ သူဖြည့်ထားတာတော့ ဘာဘေးဒိုးစ် (Barbados) ကနေလာတယ်ဆိုပြီးတော့ ဖြည့်ထားတယ်။ Barbados ဆိုတဲ့ တိုင်းပြည်ကတော့ ကျွန်မတို့ quarantine လုပ်မယ့် ၁၆ နိုင်ငံထဲမှာ မပါဘူးပေါ့နော်''ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ COVID-19 ဆိုင်ရာ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက မတ် ၂၆ ရက်တွင် News Watch သို့ ပြောကြားသည်။

ဘာဘေးဒိုးစ်မှာ ကရစ်ဘီယံဒေသရှိ ကျွန်းနိုင်ငံငယ်တခုဖြစ်သည်။ အဆိုပါ လူနာသည် အင်းစိန်မြို့နယ်၊ တောင်သူ ကုန်းရပ်ကွက်မှဖြစ်ပြီး ကိုယ်ပူဖျားနာခြင်းနှင့် ချောင်းဆိုးခြင်းများကြောင့် အင်းစိန် ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ်ထားရှိရာမှ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဓာတ်ခွဲအတည်ပြုခဲ့ခြင်းကြောင့် ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ အသက် ၂၆ နှစ်(ကျား) တတိယမြောက် အတည်ပြုလူနာကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ မတ် ၂၅ ရက်တွင် ထုတ်ပြန်ခဲ့ရာ လွန်ခဲ့သော ၁၄ ရက်အတွင်း ခရီးသွားခဲ့သည့်နေရာအဖြစ် 'အင်္ဂလန် နိုင်ငံ'ဟူ၍ ဖော်ပြခဲ့သည်။

တတိယမြောက်အတည်ပြုလူနာသည် ၁၄ ရက်ကြာ သီးသန့်သတ်မှတ်ထားသည့်နေရာများတွင် ထားရှိစောင့် ကြည့်မှုပြုလုပ်မည့်အစီအစဉ်ကို ရှောင်ရှားခဲ့သည်ဟုဆိုကာ လူမှုကွန်ရက်ပေါ်တွင် ပြင်းထန်သည့် ဝေဖန်မှုများထွက်ပေါ်ခဲ့သည်။ 

''ဖြစ်ပွားကူးစက်မှုများတဲ့ နိုင်ငံဒေသတွေကနေပြီးတော့လာတယ်ဆိုလို့ရှိရင် ကူးစက်မှုအန္တရာယ်က အရမ်းများ တယ်။ ဒါကြောင့် home quarantine နေရတဲ့ လူတွေအနေနဲ့ဆိုလို့ရှိရင် home quarantine ကို သေချာလိုက်နာဖို့ပေါ့နော်။ hotel နေရသူက hotel quarantine ကို တိတိကျကျလိုက်နာဖို့ အရေးကြီးပါတယ်။ သူတို့မလိုက်နာဘူး၊ မိသားစု နဲ့ ၁၄ ရက်တောင် မခွဲနိုင်ဘူးဆိုရင် တသက်လုံးခွဲရတာ ဖြစ်သွားနိုင်ပါတယ်ဆို တာကို ကျွန်မအနေနဲ့ ပြောချင်ပါတယ်'' ဟုလည်း ဒေါက်တာခင်ခင်ကြီးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် မတ် ၂၅ ရက် အထိ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၃ ဦးရှိခဲ့ပြီဖြစ်ပြီး ယင်းတို့အနက် လူနာ နံပါတ်(၂)နှင့် (၃) ကို ဝေဘာဂီဆေးရုံတွင် ထားရှိကုသလျက်ရှိသည်။   

မင်းထင်
Photo - Ye Naung

Comments

Popular posts from this blog

COVID 19 လူနာအမှတ် ( ၅ ) ယနေ့ မနက် ၇ နာရီတွင် ဝေဘာဂီရိ ဆေးရုံ၌ ကွယ်လွန်

မည်သည့်ပြည်ဝင်ဗီဇာအမျိုးအစားဖြင့်မဆို လာရောက်ခွင့် ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန်

COVID-19 ကာကွယ်ရန် ပဲခူးတိုင်းလွှတ်တော်ရပ်ဆိုင်း