မန္တလေးမှ COVID-19 လူနာနံပါတ် (၄) သည် ရပ်ကွက်ဆေးခန်း၌ လူမသိသူမသိ ကုသနေခဲ့ဟုဆို၊ မြရည်နန္ဒာတိုက်ခန်းတွဲတခုလုံးကို အသွားအလာ ပိတ်ပင်ထား


မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် COVID- 19 တွေ့ရှိသည်ဟုကြေညာခံထားရသူ လူနာနံပါတ် (၄) အမျိုးသားမှာ ဆေးရုံမရောက်မီ ရပ်ကွက်အတွင်းရှိဆေးခန်းတခုတွင် ကုသနေခဲ့သည်ကို တာဝန်သိသူများက လိုက်လံဖော်ထုတ်ပေးခဲ့မှုကြောင့် ဆေးရုံသို့ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း မြရည်နန္ဒာရပ်ကွက်မှတာဝန်ရှိသူများက ပြောသည်။

အဆိုပါအမျိုးသား နေထိုင်သွားလာခဲ့သည့်နေရာများကို ကျန်းမာရေးအပါအဝင် ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုနှင့်ဆေးဖျန်းခြင်းလုပ်ငန်းများပြုလုပ်ခဲ့ပြီး ၎င်းနေထိုင်ခဲ့သည့် မြရည်နန္ဒာတိုက်ခန်းတွဲတခုလုံးကို အသွားအလာ ပိတ်ပင်ထားသည်။ ထို့ပြင် ၎င်း၏မိသားစုဝင်များကို စောင့်ကြပ်ကြည့်ရှုရန်ဆေးရုံသို့ ခေါ်ဆောင်ထားကြောင်း သိရသည်။

"အခုရောဂါတွေ့ရှိတဲ့ လူနာက ဒီကိုပြန်ရောက်တာကြာပြီ။ မတ်လ (၅) ရက်လောက်ကတည်းကပေါ့။ နောက်ပြန်ထွက်သွားတယ်။ အခု မတ်လ(၂၀)လောက်မှာ ပြန်ရောက်လာတယ်။ ပြန်ရောက်ရောက်ချင်း ရပ်ကွက်အတွင်းမှာရှိတဲ့ ဆေးခန်းတခုမှာ ကြိတ်ကုနေတာ။ မေးမြန်းတော့လည်း ဘာမှမဖြစ်ဘူးပဲပြောနေတာ။ သူကဘာမှမဖြစ်ဘူးပြောတော့ ကျန်တဲ့သူတွေက ဘယ်သိမလဲ။ ဒါကိုသိတော့ သူနေတဲ့နေရာကို ချက်ချင်းစုံစမ်းပြီး မတ် (၂၄) ရက်နေ့မှာ ကန်တော်နဒီဆေးရုံကို ပို့လိုက်တာပါ"ဟု မြရည်နန္ဒာရပ်ကွက်မှ တာဝန်ရှိသူတဦးက ပြောကြားသည်။

ရောဂါတွေ့ရှိသူအား ကားကြီးဝင်းမှနေအိမ်သို့ လိုက်ပါပို့ဆောင်ပေးခဲ့သူ သုံးဘီးကားယာဉ်မောင်းကိုလည်း နေအိမ်တွင် (၁၄) ရက် စောင့်ကြည့်နေထိုင်ရန် မှာကြားထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါအမျိုးသားသည် အမေရိကန်နိုင်ငံသားခံယူထားသည့် မြန်မာလူမျိုးဖြစ်ပြီး အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ မတ်လ(၁၉)ရက်၊ ညနေ (၆) နာရီတွင် Qatar Airline ဖြင့် ပြန်လည်ရောက်ရှိခဲ့ဖြစ်ကာ တောင်ဥက္ကလာပမြို့နယ်တွင် ၁ ညအိပ်နေထိုင်ခဲ့ကြောင်း၊ ယင်းနောက် မတ်လ(၂၀)ရက်၊ ည(၁၀)နာရီတွင် ခိုင်မန္တလေးအဝေးပြေး မှန်လုံယာဉ်ဖြင့် ရန်ကုန်မြို့မှ မန္တလေးမြို့သို့ လာရောက်ခဲ့ပြီးနောက် ကားဂိတ်မှတဆင့် ချမ်းမြသာစည်မြို့နယ်ရှိနေအိမ်သို့ မီနီအိုးဝေယာဉ်ဖြင့် သွားရောက်ခဲ့သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ် ၂၇ ရက်တွင် ထုတ်ပြန်သည်။

ယင်းအမျိုးသားသည် မတ်လ (၂၂) ရက်မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် မောပန်းခြင်းလက္ခဏာများ ခံစားခဲ့ရသဖြင့် မတ်လ(၂၅) ရက်တွင် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လာရောက်ပြသခဲ့ရာ ကန်တော်နဒီဆေးရုံသို့ လွှဲပြောင်း၍စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင်ထားရှိ၍ ယင်းလူနာထံမှ ဓာတ်ခွဲနမူနာကို အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးခဲ့ရာ COVID-19 ရောဂါကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့သည်။





"နည်းနည်းလေး ကံကောင်းပါတယ်။ မတ်(၂၀)ရက်နေ့ ခိုင်မန္တလေးခရီးစဉ်က ထိုင်ခုံ(၂၇)ခုံရှိရာက ခရီးသည်(၁၉)ယောက်ပဲ စီးနင်းလိုက်ပါထားပါတယ်။ အခု Positive တွေ့တဲ့လူနာထိုင်တာက နောက်ဆုံးတန်းတယောက်တည်းထိုင်တာပါ။ သူနဲ့ဘေးကပ်ရပ်မှာ ခုံမရှိပါဘူး။ ဒါလည်း ကံကောင်းတာပါပဲ။ အရှေ့မှာတော့ လူရှိတယ်။ ထမင်းစားနားတာက မိုင်(၂၀၀) မှာ နားတာပါ။ မိုင် (၂၀၀) စခန်းက (၁၁၅)မိုင်လောက် လူမများပါဘူး။ အဲဒီအတွက် ကံကောင်းပါတယ်။ ခရီးသည်တင်ယာဉ်လိုင်းဘက်ကလည်း ကျန်းမာရေးဝန်ကြီးဌာနနဲ့ပူးပေါင်းပြီး ချိတ်ဆက်လုပ်ဆောင်ပေးနေတာမို့ ယာဉ်လိုင်းဘက်ကိုလည်း ဖိအားမပေးဖို့ ပြောချင်တယ်"ဟု ကျန်းမာရေးဝန်ထမ်းတဦးက ပြောကြားသည်။

မတ်(၂၀)ရက်ညပိုင်းကထွက်ခဲ့သည့် ခိုင်မန္တလေးယာဉ်နှစ်စီးလုံးမှ ယာဉ်မှူး ယာဉ်နောက်လိုက်များနှင့် မတ်(၂၆)ရက်နေ့အထိလိုက်ပါခဲ့သော ခရီးသည်များပါမကျန် ကျန်းမာရေးစစ်ဆေးမှုများခံယူလျက်ရှိကြောင်း သိရသည်။

ဦးရာဇ

Comments

Popular posts from this blog

COVID 19 လူနာအမှတ် ( ၅ ) ယနေ့ မနက် ၇ နာရီတွင် ဝေဘာဂီရိ ဆေးရုံ၌ ကွယ်လွန်

မည်သည့်ပြည်ဝင်ဗီဇာအမျိုးအစားဖြင့်မဆို လာရောက်ခွင့် ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန်

COVID-19 ကာကွယ်ရန် ပဲခူးတိုင်းလွှတ်တော်ရပ်ဆိုင်း