ဖားကန့်ရတနာနယ်မြေကို ဝင်လာသူတိုင်း ကျန်းမာရေး စစ်ဆေးခံရမည်


ကိုရိုနာဗိုင်းရပ်စ် COVID-19 ကြိုတင်ကာကွယ်ဖို့အတွက် ကချင်ပြည်နယ်၊ ကျောက်စိမ်းတွင်းဒေသ ဖားကန့်ရတနာနယ်မြေကို ဝင်လာသူတိုင်းကို ကျန်းမာရေး စစ်ဆေးတော့မယ်လို့ ဖားကန့်မြို့နယ် တာဝန်ရှိသူတွေက ပြောပါတယ်။

မတ် ၂၆ ရက်မနက်က ဖားကန့်မြို့နယ်၊ ယူမာကျေးရွာရှိ ကျောက်မျက်လုပ်ငန်းရှင်များအသင်းရုံး မှာ ကျင်းပတဲ့ ဖားကန့်မြို့နယ် COVID-19 ကြိုတင်ကာကွယ်မှုဆိုင်ရာ ညှိနှိုင်းအစည်းဝေးမှာ ခုလို ဆုံးဖြတ်ခဲ့တာပါ။

ရောဂါကြိုတင်ကာကွယ်ဖို့ ကာမိုင်းမြို့အနီး ကာမိုးင်းဂိတ်၊ လုံးခင်းကျေးရွာအနီး လယ်ပြင်ဂိတ်၊ ဝေခါကျေးရွာအနီး ဆပ်ပြာချောင်းဂိတ်၊ ဆယ်ဇင်းကျေးရွာရှိ ဆယ်ဇင်းဂိတ်တွေမှာ ဝင်လာသမျှကားတွေပေါ် ပါသူအားလုံးကို ကျန်းမာရေး စစ်ဆေးဖို့ အစည်းဝေးက ဆုံးဖြတ်ပါတယ်။

ကျန်းမာရေးစစ်ဆေးရာမှာ ခြေမြန်တပ်မ (၃၃) မှ ရဲဘော်တွေ၊ အထူးရဲတိုက်ခိုက်ရေး ရဲတပ်ရင်းတွေက ရဲဘော်တွေ၊ ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲဘော်တွေက လုံခြုံရေး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သက်ဆိုင်ရာခေါင်းဆောင်တွေက ပြောပါတယ်။

တပ်မ ၃၃ ခေတ္တတပ်မှူး ဗိုလ်မှူးကြီး ဇော်မျိုးဝင်းက “ဒီရောဂါပိုးဟာ ကြောက်နေဖို့ မလိုပါဘူး။ ကျနော်တို့ တဦးချင်းစီက ကျန်းမာရေး အသိရှိရှိနဲ့ ကြိုတင်ကာကွယ်နိုင်ရင် ကျနော်တို့ ဒီရောဂါကို တားဆီးနိုင်မှာပါ” လို့ ပြောပါတယ်။

ဖားကန့်ဒေသမှာ ကူးစက်ခံရမှုရှိလာပါက တပ်ရိက္ခာဆန်တွေကို ပြည်သူတွေအတွက် ပေးဖို့ အဆင်သင့်လုပ်ထားတယ်လို့ ဆိုပါတယ်။

စစ်ဆေးရေးဂိတ်တွေမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ ကြက်ခြေနီတွေ၊ ပရဟိတအဖွဲ့တွေ၊ ကျေးရွာတာဝန်ခံအဖွဲ့တွေဟာ ကျန်းမာရေး စစ်ဆေးတာတွေကို မတ် ၂၇ ရက်က ဧပြီလကုန်အထိ ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

ကျန်းမာရေးစစ်ဆေးတာအပြင် ဖားကန့်ဒေသထဲ ဝင်ရောက်လာသူတွေ နေထိုင်မယ့် လိပ်စာတွေကို မေးမြန်းမှတ်သားသွားမယ်လို့လည်း ဖားကန့်မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာမင်းလွင်က ပြောပါတယ်။

“စစ်ဆေးတဲ့နေရာမှာ စောင့်ကြည့်လူနာ၊ သံသယလူနာ၊ ကူးစက်လူနာဆိုပြီး သုံးမျိုး ခွဲထားမှာပါ။ ပြီးမှ ဆောင်ရွက်စရာရှိတာတွေကို ဆက်လက်ဆောင်ရွက်သွားမှာပါ။”

စောင့်ကြည့်နဲ့ သံသယလူနာတွေကို တွေ့ရှိပါက သီးသန့်ထားဖို့ အဆောက်အအုံနဲ့ နေရာထိုင်ခင်းတွေ အဆင်သင့်ဆောင်ရွက်ထားတယ်လို့ ဖားကန့်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေက COVID-19 ကြိုတင်ကာကွယ်မှုဆိုင်ရာ လုပ်ငန်းတွေဆောင်ရွက်ဖို့ ငွေကျပ်သိန်း ၁၀၀၀ လှူဒါန်းသွားမယ်လို့ ဖားကန့်မြို့နယ် ကျောက်မျက်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးအောင်ကျော်မြင့်က ပြောပါတယ်

ဖားကန့်မြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါနဲ့ပတ်သက်ပြီး စောင့်ကြည့်လူနာ၊ သံသယလူနာနဲ့ ကူးစက်ခံရတဲ့လူနာတွေ ဒီနေ့အချိန်အထိ မတွေ့ရှိရသေးဘူးလို့ ဆေးရုံအုပ်ကြီး ဒေါက်တာမင်းလွင်က ပြောပါတယ်။



Comments

Popular posts from this blog

COVID 19 လူနာအမှတ် ( ၅ ) ယနေ့ မနက် ၇ နာရီတွင် ဝေဘာဂီရိ ဆေးရုံ၌ ကွယ်လွန်

မည်သည့်ပြည်ဝင်ဗီဇာအမျိုးအစားဖြင့်မဆို လာရောက်ခွင့် ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန်

COVID-19 ကာကွယ်ရန် ပဲခူးတိုင်းလွှတ်တော်ရပ်ဆိုင်း